Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လယ်ယာစီးပွား အကျိုးများဖို့ သမဝါယမစွမ်းပကားနဲ့ ကူညီကြပါစို့


22 Apr,2024

မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသ များမှာဖြစ်ပြီး အများစုက စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အသက်မွေးဝမ်းကျောင်း အလုပ် အဖြစ် လုပ်ကိုင်ဆောင်ရွက်ကြပါသည်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံသည် ရာသီဥတုမျှတပြီး ရေမြေသဘာဝ၊ မြေဆီမြေဩဇာပြည့်ဝပြီး ရေခံမြေခံကောင်းမွန်သော နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ စိုက်ပျိုးရေးလုပ်ငန်း ကို အဓိက လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ထိုအခြေခံကောင်းများအပေါ်မူတည်၍ လက်ရှိ နိုင်ငံတော် အစိုးရက စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက် အောင် တည်ဆောက်ရေး ဆိုသည့် စီးပွားရေး ဦးတည်ချက် ချမှတ် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့်အပြင် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံပေါများရေး ဆိုသည့် အမျိုးသားရေး ရည်မှန်းချက်များကိုလည်း ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပေသည်။

မိရိုးဖလာစနစ်ထက် စက်မှုလယ်ယာစနစ်ကို ကူးပြောင်းဆောင်ရွက်ရန်လို

ထိုသို့ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဦးတည်ချက်နှင့် အမျိုးသားရေး ရည်မှန်းချက်များ အောင်မြင်ရန် တောင်သူလယ်သမားများအနေဖြင့် လူ၊ ကျွဲ၊ နွား အစရှိသည်များနှင့် ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း၊ ကြိတ်ခွဲခြင်း စသည့် မိရိုးဖလာ လက်မှုလယ်ယာစနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်နေခြင်းထက် စက်မှုလယ်ယာစနစ်ကို ကူးပြောင်းလုပ်ကိုင်ဆောင်ရွက်မှသာ လယ်ယာထွက်ကုန်များ တိုးတက်လာမည်၊ အရည်အသွေးပြည့်ဝသည့်ထွက်ကုန်များ ရရှိလာမည်ဖြစ်ပါ သည်။ ထို့ပြင် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းဆောင်ရွက်ခြင်းအားဖြင့်  အချိန်ကုန်သက်သာပြီး လူ၊ ကျွဲ၊ နွားများ ပင်ပန်းမှုမှ သက်သာကြမည်ဖြစ်ပါသည်။ အရည်အသွေး ပြည့်ဝသည့် လယ်ယာထွက်ကုန်များ တိုးတက်ရရှိလာသည့်အတွက် ဈေးကွက်အတွင်း ရောင်းချရာတွင် ဈေးကောင်းရရှိပြီး ဝင်ငွေတိုးကာ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် မြင့်မားလာမည်ဖြစ်ပေသည်။

တောင်သူလယ်သမားများ၏ အခက်အခဲများကို သမဝါယမစနစ်ဖြင့် ပံ့ပိုးကူညီပေးထားပြီးဖြစ်

 တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရေး၊ နိုင်ငံတော်မှ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဦးတည်ချက်နှင့် အမျိုးသားရေး ရည်မှန်းချက်များ အောင်မြင်စေရေးတို့အတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တောင်သူလယ်သမားများ ရင်ဆိုင်ကြုံတွေ့နေရသည့် စိုက်ပျိုးစရိတ် မလုံလောက်မှု၊ စိုက်ပျိုးရေး သွင်းအားစုများ လုံလောက်စွာ အသုံးမပြုနိုင်မှု၊ အရည်အသွေးပြည့်ဝကောင်းမွန်သည့် စိုက်ပျိုးရေး သွင်းအားစုများ ရရှိရန် ခက်ခဲမှု၊  စနစ်ကျသည့် ခေတ်မီ စိုက်ပျိုးရေးနည်းပညာများ လက်လှမ်းမမီမှု၊  အထွက်နှုန်းကောင်းမွန်သည့် သီးနှံ မျိုးစေ့များ အလွယ်တကူ မရရှိမှု၊ အချိန်မီ မစိုက်ပျိုးနိုင်မှု၊ အချိန်မီ မရိတ်သိမ်း/မခြွေလှေ့နိုင်မှု၊ သီနှံ ဈေးကွက်တွင် ဈေးနှိမ်ခံရမှု အစရှိသည့် တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းအတွက် အခက်အခဲ လိုအပ်ချက်များကို သမဝါယမစနစ်ဖြင့် ပံ့ပိုးကူညီဆောင်ရွက် ပေးလျက်ရှိပါသည်။

အလားတူ မိရိုးဖလာ လက်မှုလယ်ယာစနစ်မှ  စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရာတွင် အဆင့်ဆင့်သော လုပ်ငန်းစဉ်များရှိသည့်အနက် အဓိကကျသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် လယ်ယာ သုံးစက်ကိရိယာများကို အထူးအလေးထား ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ အထူးအလေးထား ပံ့ပိုးကူညီဆောင်ရွက်ပေးရသည့် အကြောင်းရင်းကို တင်ပြရလျှင် လယ်ယာသုံးစက်ကိရိယာများ၏ တန်ဖိုးမှာ  အနည်းဆုံး ငွေကျပ် သိန်း(၃၀)မှ အများဆုံး ငွေကျပ် သိန်း(၅၀၀)ကျော်အထိ ဖြစ်ရာ တောင်သူလယ်သမားအများစုက တစ်လုံးတစ်ခဲတည်း လက်ငင်းပေးချေပြီး ဝယ်ယူနိုင်ရန် အခက်အခဲ ရှိကြပေလိမ့်မည်။ ပုဂ္ဂလိကလုပ်ငန်းရှင်/ကုမ္ပဏီများက တစ်ဦးချင်းတစ်ယောက်ချင်း ချိတ်ဆက်ပြီး အကြွေးစနစ်ဖြင့် ရောင်းချပေးနိုင်သည်ဆိုလျှင်တောင်မှ သိန်း(၅၀၀)ကျော်တန် စက်ပစ္စည်းဖြစ်ပါက အနည်းဆုံး(၂)နှစ်မှ အများဆုံး(၃)နှစ်ဆိုင်းခန့်ဖြင့်သာ ရောင်းချပေးနိုင်ပေလိမ့်မည်။  သို့ဖြစ်ရာ ပြန်လည် ပေးဆပ်ရသည့်ကာလ တိုတောင်းသည့်အတွက် တောင်သူလယ်သမားများအနေဖြင့် ဝယ်ယူသုံးစွဲရန် များစွာ အခက်အခဲများ ရှိနိုင်ပေလိမ့်မည်။ သို့အတွက်ကြောင့်  တောင်သူလယ်သမားအများစုက  စက်မှု လယ်ယာစနစ်ကို တစ်ဦးချင်းတစ်ယောက်ချင်း ကူးပြောင်းလုပ်ကိုင်ဆောင်ရွက်ရန် မည်သည့်နည်းနှင့်မျှ စွမ်းဆောင်နိုင်ကြလိမ့်မည် မဟုတ်ပါ။  ထိုကဲ့သို့သော အခြေအနေမျိုးတွင် အခြေခံသမဝါယမအသင်း များဖွဲ့စည်းပေးပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၏ ကြီးကြပ်မှု၊ ဗဟိုသမဝါယမအသင်းအပါအဝင် သမဝါယမအသင်းအဆင့်ဆင့်၏ တာဝန်ယူ၊ တာဝန်ခံမှုတို့ဖြင့် အသင်းသားတောင်သူလယ်သမားများထံသို့ ကိုရီးယားနိုင်ငံ၊ Daedong ကုမ္ပဏီမှ ထုတ်လုပ်သည့် လယ်ယာသုံးစက်ကိရိယာများအား သမဝါယမ၏ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများကို အခြေခံ၍ (၇)နှစ်ဆိုင်း Hire Purchase စနစ်ဖြင့် (၄၄၀၁)စီး ရောင်းချပေးထားပြီးဖြစ်ပါသည်။ ထို့ပြင် အသင်းသား တောင်သူလယ်သမားများ စိတ်ကြိုက်ဖြစ်သည့် လယ်ယာသုံးစက်ကိရိယာအရောင်းဆိုင်၊ ကုမ္ပဏီများမှ  နှစ်သက်ရာ စက်အမျိုးအစားကို ဝယ်ယူသုံးစွဲနိုင်စေရေး သက်ဆိုင်ရာ အရောင်းဆိုင်၊ ကုမ္ပဏီများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး သမဝါယမ၏ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပံ့ပိုးကူညီ ဆောင်ရွက်ပေးထားပြီးလည်း ဖြစ်ပါသည်။

 

 

ဆက်လက်၍ ပံ့ပိုးကူညီဆောင်ရွက်ပေးရန် စီမံဆောင်ရွက်လျက်ရှိ

သမဝါယမစနစ်ဖြင့် ပံ့ပိုးကူညီ လုပ်ကိုင်ဆောင်ရွက်ပေးနေမှုအပေါ် ပြည်သူအများ လက်ခံ နားလည်သဘောပေါက်လာသည်နှင့်အမျှ သမဝါယမအသင်းများတွင် စုပေါင်းလုပ်ကိုင်ဆောင်ရွက် လိုစိတ်၊ ကိုယ့်အား ကိုယ်ကိုးလိုစိတ်၊ ကိုယ်တိုင်တာဝန်ယူဆောင်ရွက်လိုစိတ်၊ အများဆန္ဒနှင့်အညီ စီမံ ခန့်ခွဲလိုစိတ်များရှိကြသည့် တောင်သူလယ်သမားများ ပူးပေါင်းပါဝင်လာပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး ကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် လျက်ရှိပါသည်။ စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် လိုအပ်သည့် လယ်ယာသုံးစက်ကိရိယာ များကို သမဝါယမစနစ်ဖြင့် ဝယ်ယူလိုကြောင်း တင်ပြလာမှုများလည်း ရှိနေပြီဖြစ်ကြောင်း သိရှိရပါသည်။ ထိုသို့ အသင်းသားတောင်သူလယ်သမားများ၏ တင်ပြလာမှုအပေါ် ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင် ရွက်ပေးလျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး တို့တွင် သမဝါယမလယ်ယာဝန်ဆောင်မှု သရုပ်ပြရှင်းလင်းပွဲ အခမ်းအနားများ ကျင်းပပြုလုပ်ပြီး အဆိုပါ အခမ်းအနားများတွင် ပြည်တွင်းမှ လယ်ယာသုံးစက်ကိရိယာများ တင်သွင်းထုတ်လုပ်ဖြန့်ဖြူး ရောင်းချသည့် ကုမ္ပဏီများကို ဖိတ်ခေါ်၍ ၎င်းတို့ ကုမ္ပဏီများမှ တင်သွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချ သည့် လယ်ယာသုံးစက်ကိရိယာများ၏ စွမ်းရည်ကို လက်တွေ့ မောင်းနှင် ထွန်ယက် သရုပ်ပြရှင်းလင်း မှုများ ဆောင်ရွက်ခြင်း၊ အခမ်းအနားသို့ တက်ရောက်လာသည့် အသင်းသားတောင်သူလယ်သမား များက သိရှိလိုသည်များ မေးမြန်းစုံစမ်းပြီး ၎င်းတို့ စိတ်ကြိုက်ဖြစ်သည့် လယ်ထွန်စက်၊ ရိတ်သိမ်း ခြွေလှေ့စက်၊ လက်တွန်းထွန်စက်၊ ကောက်စိုက်စက်၊ မျိုးစေ့ချစက်၊ ထော်လာဂျီ အစရှိသည့် လယ်ယာ သုံးစက်ကိရိယာများကို ဝယ်ယူလိုကြောင်း တင်ပြလာမှုအပေါ် သက်ဆိုင်ရာ သမဝါယမအသင်းအဆင့် ဆင့်မှတစ်ဆင့် ကုမ္ပဏီများနှင့်ချိတ်ဆက်ပြီး  သမဝါယမ၏ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ဝယ်ယူရရှိနိုင်ရေး ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

ထို့ပြင် Japan International Cooperation Agency(JICA)၏ လယ်ယာကဏ္ဍနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ (Two Step Loan) ကို ချေးယူပြီး လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူ လိုသည့် အသင်းသားတောင်သူလယ်သမားများအတွက် JICA (Two Step Loan) ဆိုင်ရာ အကြောင်း အရာများ သိရှိနိုင်စေရန် အဆိုပါ သမဝါယမလယ်ယာဝန်ဆောင်မှု သရုပ်ပြရှင်းလင်းပွဲ အခမ်းအနား များသို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူများအား ဖိတ်ခေါ်၍ ရှင်းလင်းဆွေးနွေး ပြောကြား စေပြီး ချေးငွေယူပြီး လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူလိုသည့်အသင်းသား တောင်သူလယ်သမား များအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်ပေးပြီး ဆက်လက်ပံ့ပိုးကူညီပေးရန် စီမံ ဆောင်ရွက်လျက်ရှိပါသည်။

JICA (Two Step Loan)ချေးငွေ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၂)ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ လက်သစ်ကျေးရွာ၌ ကျင်းပပြုလုပ်သည့် သမဝါယမလယ်ယာဝန်ဆောင်မှု သရုပ်ပြရှင်းလင်းပွဲ အခမ်း အနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ရှင်းလင်းဆွေးနွေးပြောကြားချက် အရ  တောင်သူလယ်သမားများအနေဖြင့် JICA (Two Step Loan)ချေးငွေအစီအစဉ်တွင် တစ်ဦးချင်း အနေဖြင့်သော်လည်းကောင်း၊ (၃)ဦးမှ (၁၀)ဦးအထိပါဝင်သော အစု၊ အဖွဲ့ပုံစံဖြင့်လည်းကောင်း ချေးယူ နိုင်ကြောင်း၊ တစ်ဦးချင်းချေးငွေပမာဏကို ငွေကျပ်သန်း(၇၀)သတ်မှတ်ထားပါကြောင်း၊ အစု၊ အဖွဲ့ဖြစ် ပါက အများဆုံး ငွေကျပ် သန်း(၅၀၀)အထိ သတ်မှတ်ထားပါကြောင်း၊ တောင်သူလယ်သမားများ လုပ်ငန်းအတွက် အမှန်တကယ်လိုအပ်ပြီး ပြန်လည်ပေးဆပ်နိုင်စွမ်းရှိသူများကို ချေးငွေစည်းကမ်းများ နှင့်အညီ စိစစ်ပြီးသည့် ငွေပမာဏကိုသာ ထုတ်ချေးပေးမည်ဖြစ်ကြောင်း၊ လယ်ယာသုံးစက်ကိရိယာ များဖြစ်သည့် ကောက်စိုက်စက်၊ လက်တွန်းထွန်စက်၊ လယ်ထွန်စက်ကြီးများ၊ ရိတ်သိမ်းခြွေလှေ့စက် အပါအဝင် ဆန်စက်၊ ဆီစက်၊ ကြိတ်ခွဲစက်၊ ကုန်တင်ယာဉ်များအပြင် စက်ရုံ၊ သိုလှောင်ရုံများ တည်ဆောက်ခြင်း၊ မွမ်းမံပြုပြင်ခြင်းများအတွက် ချေးငွေကာလ(၅)နှစ်ဖြင့် ချေးငွေများ ထုတ်ချေးပေး လျက်ရှိကြောင်း၊ အတိုးနှုန်းမှာ တစ်နှစ်လျှင် (၅)ရာခိုင်နှုန်းဖြစ်ကြောင်း၊  အာမခံအနေဖြင့် ချေးငွေရယူ သူသည် ချေးငွေ၏(၃၀)ရာခိုင်နှုန်းကို ဘဏ်၌ စုဆောင်းငွေအဖြစ် စုဆောင်းစေမှာဖြစ်ကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)မူရင်းကို အပေါင်အဖြစ် ရယူမှာဖြစ်ကြောင်း၊  ချေးငွေဖြင့် ဝယ်ယူထားသည့် ယာဉ်၊ စက်ကိရိယာကို အပေါင်အဖြစ် ရယူမှာဖြစ်ကြောင်း၊ နောက်ကြောင်းရာဇဝင် ကောင်းမွန်သူ လူပုဂ္ဂိုလ်(၂)ဦးမှ အာမခံရမှာဖြစ်ကြောင်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများ၊ ရွှေ့ပြောင်းနိုင် သောပစ္စည်းများကို အာမခံအဖြစ် ရယူမှာဖြစ်ကြောင်း သိရှိရပါသည်။

ထို့ပြင်  JICA (Two Step Loan)ချေးငွေ ရယူလိုသော တောင်သူလယ်သမားများသည် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ချေးငွေစိစစ်ရေးအဖွဲ့မှတစ်ဆင့် ခရိုင်၊ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲများသို့ တင်ပြလျှောက်ထားရမှာဖြစ်ကြောင်း၊ ထိုသို့ တောင်သူတစ်ဦးချင်း၊ တောင်သူအစု၊ အဖွဲ့များ၏ တင်ပြချက်အပေါ် တင်ပြလျှောက်ထားသည့် တောင်သူ၏ လယ်ယာမြေပိုင်ဆိုင်မှု အထောက်အထား၊ နှစ်စဉ် စိုက်ပျိုးထုတ်လုပ်မှုအခြေအနေ၊ နှစ်စဉ် အကျိုးအမြတ်ရရှိမှုအခြေအနေ၊ အာမခံပစ္စည်း၊ ပိုင်ဆိုင်သည့်ပစ္စည်းအခြေအနေ၊ ချေးငွေအပေါ် ပြန်လည်ပေးဆပ်နိုင်စွမ်းရှိမှု အခြေအနေ စသည့် အခြေခံအချက်အလက်များအပေါ် စိစစ်၍ မြို့နယ်၊ ခရိုင် ချေးငွေကြီးကြပ်ရေးအဖွဲ့မှ တစ်ဆင့် တိုင်းဒေသကြီး/ပြည်နယ် ချေးငွေကြီးကြပ်ရေးကော်မတီထံသို့ ဆက်လက်တင်ပြပြီး အတည်ပြုချက် ရယူရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ချေးငွေကြီးကြပ်ရေးကော်မတီ၏ အတည်ပြုချက် ရရှိပါက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ JICA (Two Step Loan) ဦးဆောင်ကော်မတီသို့ ပေးပို့၍ ချေးငွေထုတ်ချေးခြင်းအစီအစဉ်ကို ဆက်လက်ဆောင်ရွက်ပေးမှာဖြစ်ကြောင်း သိရှိရပါသည်။

၎င်းက ဆက်လက်၍ ပြောကြားသည်မှာ JICA (Two Step Loan)ချေးငွေဖြင့် လက်ခံဆောင်ရွက် သည့် ကုမ္ပဏီများဘက်မှ တောင်သူလယ်သမားထံသို့ ရောင်းချပေးလိုက်သည့် လယ်ယာသုံးစက်ကိရိယာ များအား After Sale Service လုပ်ပေးနိုင်ရန် တာဝန်ခံ၊ တာဝန်ယူမှုဖြင့် ကတိဝန်ခံချက်များ ရယူထား ပါကြောင်း၊ JICA (Two Step Loan) ချေးငွေရယူသည့် တောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာ ဝယ်ယူလိုသည့် ကုမ္ပဏီကို စိတ်ကြိုက် ရွေးချယ်နိုင်ကြောင်း၊  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေ တစ်ရပ်လုံးကို သက်ဆိုင်ရာ ကုမ္ပဏီသို့ တိုက်ရိုက်ပေးချေမှာဖြစ်ပြီး လယ်ယာသုံးစက်ကိရိယာများကို တောင်သူလယ်သမားများက လက်ခံရယူရမှာဖြစ်ကြောင်း၊ ချေးငွေထုတ်ယူထားသည့် တောင်သူများက ပေးဆပ်ရန် သတ်မှတ်ထားသည့် ချေးငွေအရစ်အလိုက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ ပြန်လည် ပေးဆပ်ရမှာဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှစတင်ပြီး ချေးငွေဖြင့်ရောင်းချပေးထားသည့် စက်ကိရိယာ များတွင် GPS များ တပ်ဆင်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စက်ကိရိယာများ၏ လုပ်ငန်းဆောင်ရွက်မှု များကို စောင့်ကြည့်လျက်ရှိပြီး စက်ကိရိယာများကို ဝယ်ယူထားသည့် တောင်သူများအနေဖြင့်လည်း လိုအပ်၍ မိမိတို့စက်များ အခြားနယ်မြေများသို့ သွားရောက်လုပ်ကိုင်ဆောင်ရွက်ရပါကလည်း မိမိတို့ စက်များ၏ လုပ်ငန်းဆောင်ရွက်ချက်များကို မိမိတို့၏ Mobile Phone ဖြင့် စောင့်ကြည့်သွားနိုင်မှာ ဖြစ်ကြောင်း သိရှိရပါသည်။

သမဝါယမ၏ စွမ်းပကား

     “ သမဂ္ဂါနံ တပ္ပေါ သုခေါ - အဆွေခင်ပွန်းဖွဲ့၍ စုပေါင်းလုပ်ကိုင်ဆောင်ရွက်ခြင်းသည် ချမ်းသာသုခကို ဖြစ်စေသည်” ဆိုသည့် တရားတော်သည် တစ်နည်းအားဖြင့်ဆိုရသော် သမဝါယမ စနစ်ကို ဖော်ညွှန်းပြဆိုခြင်းပင်ဖြစ်ပါသည်။  တစ်ဦးချင်း၊ တစ်ယောက်ချင်းစီ၏ အောင်မြင်တိုးတက်ချင်သည့် စိတ်၊ လုပ်ချင်ကိုင်ချင်စိတ်၊ ကောင်းမွန်မှန်ကန်သောအလုပ်ကို အမှန်တကယ် ကြိုးစားဆောင်ရွက် လုပ်ကိုင်လိုသည့်စိတ်များကိုစုစည်းပြီး အတူတကွ စုပေါင်းဆောင်ရွက်ခြင်းဖြင့် စနစ်ကျသည့်အဖွဲ့အစည်း များ ဖြစ်ပေါ်လာမည့်အပြင် စနစ်ကျသည့် စီးပွားရေးဖော်ဆောင်မှုပုံစံကိုလည်း ရရှိလာနိုင်မည်ဖြစ်ပေ သည်။ ထိုကဲ့သို့ စုပေါင်းအားနှင့် လုပ်ကိုင်ဆောင်ရွက်သည့် သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက် ခြင်းဖြင့် မိမိတို့၏ လူမှုစီးပွားဘဝမြင့်မားတိုးတက်စေမည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် သွင်းအားစုပစ္စည်းများ ပံ့ပိုးကူညီမှု ရရှိနိုင်ခြင်း၊ ထာဝရအသက်မွေးဝမ်းကျောင်းနိုင်မည့် နည်းပညာများကို သင်ယူရရှိနိုင်ခြင်း၊ မိမိတို့၏ ထုတ်ကုန်တွေကို မိမိတို့စိတ်ကြိုက် ရောင်းဝယ်ဖောက် ကားနိုင်မည့် ဈေးကွက်များသို့ ချိတ်ဆက်ထိုးဖောက်ဝင်ရောက်နိုင်ခြင်း၊ မိရိုးဖလာနည်းဖြင့် စိုက်ပျိုး လာခဲ့သည့်စနစ်မှ ခေတ်မီနည်းစနစ်တွေကို အသုံးပြုပြီး စိုက်ပျိုးလာနိုင်အောင် လယ်ယာသုံးစက်ကိရိယာ ပစ္စည်းများကို အရစ်ကျငွေချေစနစ်ဖြင့် ဝယ်ယူရရှိနိုင်ခြင်း၊ ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေးများကဲ့သို့ စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများကို သီးနှံပေါ်ပေးစာရင်းမှတ်စနစ်ဖြင့် ဝယ်ယူရရှိနိုင်ခြင်း စသည့် အကျိုးကျေးဇူးနှင့် အခွင့်အလမ်းများ ရရှိနိုင်ခြင်းသည် သမဝါယမစွမ်းပကားပင် ဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုရသော် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီ နည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး ဆိုသည့် စီးပွားရေး ဦးတည်ချက်၊ တိုင်းပြည်သာယာဝပြောရေး နှင့် စားရေရိက္ခာ ဖူလုံပေါများရေး ဆိုသည့် အမျိုးသားရေး ရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တောင်သူလယ်သမားများ၏ လယ်ယာစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများကို ခေတ်မီ စက်မှုလယ်ယာစနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဘဏ်များ၊ ပြည်တွင်းမှ လယ်ယာသုံးစက်ကိရိယာများ တင်သွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများ၊ အခြားလုပ်ငန်းရှင် များက သမဝါယမစနစ်ကို အခြေခံပြီး အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။ ထို့ကြောင့် အားလုံးက “လယ်ယာစီးပွား အကျိုးများဖို့ သမဝါယမစွမ်းပကားနဲ့ ကူညီကြပါစို့” ဟု စိတ်တူ၊ ကိုယ်တူ၊ ဆန္ဒတူဖြင့် စုပေါင်းဆောင်ရွက်သွားကြရန် ဆန္ဒပြု တိုက်တွန်းရေးသားတင်ပြလိုက်ရပေသည်။

 

စစ်လွမ်းနောင်(မန်းမြေသား)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm